Thursday, August 1, 2013


(၈၆)နှစ်မြောက် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင် ၃ဝရက် ညပိုင်း တွင် ရန်ကုန်မြို့ရှိ ဆီဒိုးနား ဟိုတယ်၌ ကျင်းပရာ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း နှင့်ဇနီး  ဒေါ်မာမာဝေတို့ တက်ရောက် ချီးမြှင့်သည်။
အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊  ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦးနှင့် တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများ၊ စစ်သံမှူးများ၊ ကုလသမဂ္ဂ ဆိုင်ရာ အဖွဲ့အစည်းများမှ ဌာနေ ကိုယ်စားလှယ် များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပေးပို့သော အထိမ်းအမှတ် ပန်းခြင်းကို ဗိုလ်ချုပ်ကြီး လှဌေးဝင်းက တရုတ် ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ စစ်သံမှူး Sr.Col- Xiong Shaoweiထံ ပေးအပ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသည်။
ယင်းနောက် ဗိုလ်ချုပ်ကြီး လှဌေးဝင်း နှင့်ဇနီး၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး၊ စစ်သံမှူးနှင့် ဇနီးတို့က တရုတ် ပြည်သူ့ သမ္မတနိုင်ငံ၏ (၈၆)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ကိတ်မုန့်ကို လှီးဖြတ် ပေးကြသည်။ ထို့နောက် ဧည့်ခံပွဲ တက်ရောက် လာကြသူများအား တရုတ် သံအမတ်ကြီးနှင့် စစ်သံမှူးတို့က ညစာစားပွဲဖြင့် တည်ခင်းဧည့် ခံခဲ့ ကြောင်း သတင်း ရရှိသည်။

by မြ၀တီ

0 comments :

Post a Comment